မိုးဒေဝါ နှင့် ချမ်းတုန်စေသောနမိုးနီးယား
မစို့မပို့ကနေ သဲသဲမဲမဲ ရွာတဲ့ မိုးရာသီမှာ နမိုးနီးယားလို့ လူသိများတဲ့ အဆုတ်ရောင်ရောဂါဟာလဲ မေ့ပျောက်ထားလို့မရတဲ့ အရာပါနော်။ မိုးဒေဝါရဲ့ တုပ်ကွေးရာသီမှာ နမိုးနီးယားရောဂါဟာ ရိုးရိုးဖျားတုပ်ကွေးနဲ့ ဖြစ်စကနဦး အချိန်တွေမှာ အတော်ဆင်တူတာဖြစ်ပါတယ်။ သတိမမူမိဘဲ ပေါ့ပေါ့ဆဆ နေလိုက်မိမယ် ဆိုရင်တော့ ပြင်းထန်အဆုတ်ရောင် ရောဂါအထိရောက်ရှိသွားပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တာ ဖြစ်လို့ အရာရာ ကြပ်တည်းလာတဲ့ကာလမှာ မကုန်သင့်တာမကုန်ရလေအောင် သတိထားနိုင်ဖို့ မျှဝေပေးပါရစေ မိတ်ဆွေ။
နမိုးနီးယားရောဂါဟာ ဘယ်လိုတွေကြောင့် ဖြစ်ပွားလေ့ရှိလဲ?
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး ( ဥပမာ ကိုရိုနာ ဗိုင်းရပ်စ်)၊ ပြင်ပမှ အရာဝတ္ထု တစ်ခုခု အသက်ရှူလမ်းကြောင်း အတွင်းသို့ နေရာမှား မတော်တဆ ရောက်ရှိလာခြင်း၊ ခုခံအားကျဆင်းသူတွေမှာ အဖြစ်များတဲ့ မှိုပိုး၊ ဆေးရုံမှာ ကုသမှုခံယူရင်း ကူးစက်ခံရခြင်း စတာတွေကြောင့် နမိုးနီးယား ရောဂါ ဖြစ်ပွားလေ့ရှိပါတယ်။
နမိုးနီးယားဝင်ရင် ဘယ်လိုမျိုးတွေ ခံစားရမလဲ?
ချောင်းဆိုး၊ သလိပ်ထွက်မယ်။ သလိပ်အရောင်ပြောင်းလာမယ် ( နို့ဆီရောင်၊ သံချေးရောင်) ။ အသက်ရှူရတာ ခက်လာမယ်၊ မောလာမယ်။ ချမ်းတုန်၊ သလိပ်ထွက်၊ ချွေးထွက်၊ ရင်တုန်၊ ရင်ဘတ်အောင့်၊ အပူကြီး၊ အစားအသောက်ပျက်တာတွေ ဖြစ်လာမယ်။
တစ်ခြား အတွေ့ရ နည်းတာတွေ ကတော့ ခေါင်းကိုက်၊နုန်းခွေ၊ ကိုက်ခဲ၊ သွေးအန်၊ အသက်ရှူကြပ်၊ အသက်ကြီးတဲ့သူတွေမှာ သတိကောင်းကောင်း မလည်တော့တာ တွေ အထိ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဖြစ်ရင် ပို အန္တရာယ်ကြီးလဲ?
ကလေးငယ်တွေ၊ ၆၅ နှစ်အထက် လူကြီးတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ တခြားသော နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့မှာ နာတာရှည်ရောဂါ ရှိသူတွေမှာ ဖြစ်ရင် ပို အန္တရာယ်ကြီးပါတယ်။
နောက်ဆက်တွဲ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေ ဖြစ်နိုင်လဲ?
1. အဆုတ်အမြှေးပါး ရောင်ယမ်းပြီး အသက်ရှူဖို့ရာ မစွမ်းဆောင်နိုင်တော့အထိ ဖြစ်ခြင်း၊
ရှားပေမယ့် ဖြစ်နိုင်သော ဆိုးကျိုးတွေကတော့...
2. နဂိုက ပြင်းထန်သော ရောဂါအခံ (သို့) အရက်အလွန်အကျွံ သောက်သုံးသူတွေမှာ တွေ့ရတတ်တဲ့ အဆုတ်ပြည်တည်ခြင်း ၊
3. သွေးကြောထဲအထိ ပိုးဆိပ်ပျံ့နှံ့သွားခြင်း တို့ပဲ ဖြစ်ပါတယ်။
နမိုးနီးယားရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?
1. တစ်ကိုယ်ရည် သန့်ရှင်းအောင် ဂရုစိုက်ပြီး လက်များကို အမြဲ သန့်စင်အောင် စက္ကန့် (30) အထိ အချိန်ပေး ဆေးကြောပေးပါ။
2. ချောင်းဆိုးတာဖြစ်ဖြစ်၊ နှာချေတာဖြစ်ဖြစ် ပါးစပ်နဲ့နှာခေါင်းကို
လက်ကိုင်ပဝါ (သို့) တစ်ရှူးနဲ့ အုပ်ထားပါ။
3. လက်ကိုင်ပဝါ (သို့) တစ်ရှူးကို အသုံးပြုပြီးပြီးချင်း စွန့်ပစ်ပါ စတဲ့ အဓိကအချက်တွေကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
နမိုးနီးယားရောဂါဟာ အပျော့ကနေ အပြင်းပေါ်မူတည်ပြီး အိမ်မှာနေ
ဆေးသောက်ရတဲ့ အဆင့်မှသည် ဆေးရုံတက်ပြီး ပိုသတ်ဆေးထိုး၊ အထူးကြပ်မတ်ဆောင်မှာ အသက်ရှူစက် အကူအညီယူရတဲ့ အဆင့်အထိ ဆိုးရွားပြင်းထန်နိုင်တဲ့အတွက် နမိုးနီးယားရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှာ နားလည်တတ်ကျွမ်းသော ဆရာဝန်များနဲ့ ထိရောက်စွာ ကုသမှုခံယူသင့်ပါတယ်။
မိတ်ဆွေတို့ကော နမိုးနီးယားရောဂါ ဘယ်အဆင့်အထိ ခံစားဖူးကြလဲ?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကို စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်